Thursday, January 10

ရှမ်းပြည်က ပန်းချီပြပွဲ

~


တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်း (ခ) မိန်းလမ်းပေါ်ရှိ မြစံပယ်ခန်းမတွင် ပန်းချီပြပွဲတခုကို ဖေဖော်ဝါရီ ၁၀ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သစ္စာပြတင်း ပန်းချီ ကွန်ရက်အဖွဲ့၏ ပြောပြချက်အရသိရသည်။
ပန်းချီ အောင်သူ
သစ္စာပြတင်း (၂၀၁၃)ပန်းချီ နှင့် အနုပညာပြပွဲ ဟု အမည်ပေးထားသော ဤအစီအစဉ်ကို (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အမှတ်တရ အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပန်းချီ ဇော်မင်းထူး
        သစ္စာပြတင်း၏ ပထမအကြိမ်   ပန်းချီပြပွဲကို  ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး  ထူးခြားချက်အနေဖြင့် ဗိုလ်ချုပ်ပုံတူ ပန်းချီကားများသာ ပြသခဲ့ကြောင်း၊ ရောင်းရန် မဟုတ်သည့် အဆိုပါ ပန်းချီကားများ အားလုံးကို ထိုစဉ်က တောင်ကြီးတွင်သာမက ရွှေညောင်၊ ညောင်ရွှေမြို့များ တွင်လည်း ပြပွဲတင်ခဲ့ကြကြောင်း၊ ယခု ဒုတိယ အကြိမ်မြောက် ခြေလှမ်းတွင်  ခေတ်ပြိုင်အနုပညာဖန်တီးမှုများ ထည့်သွင်း ပါဝင်ကြောင်း သစ္စာပြတင်း အနုပညာ ကွန်ရက်မှ  ပန်းချီဆရာ ဦးမြင့်ဆွေ၊ စိုင်းလင်းမြတ်၊ ကိုအောင်သူတို့က ပြောသည်။
ပန်းချီ စိုင်းလင်းမြတ်
ယခု  ပြသမည့် အနုပညာ ဖန်တီးမှု အားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွန်းနိုင်ပြီး ၊ အမျိုးသားခေါင်းဆောင်ကြီးများအားလုံးနှင့် ခေတ်ပြိုင်နိုင်ငံရေး ခေါင်းဆောင်များအားလုံးကို ဂုဏ်ပြုရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီး တိုင်းရင်းသားများအားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိရန်၊ ခေတ်ပြိုင်နိုင်ငံရေးကို ကိုယ်စားပြုပြီး တိုင်းပြုပြည်ပြု အသွင်ဆောင်နိုင်ရန်၊ အများအကျိုး ဦးတည်သည့် အမှန်တရားတရပ်ဘက်မှ ရပ်တည် တင်ပြရန်  စသည့် ရည်ရွယ်ချက်များ ပါရှိသည်ဟု သစ္စာပြတင်းအနုပညာကွန်ရက်အဖွဲ့ ကပြောသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~
  

No comments:

Post a Comment