တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အစွန် နှင့် ကပ်လျက်တည်ရှိသည့် အေးသာယာ တောင်ကြီးမြို့အတက်တောလမ်းတွင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နေ့လည် ၃း၃၀မိနစ်အချိန်ခန့်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာမှတဆင့် စိန်ပန်းရပ်နယ်မြေ(၁) ၊ မှ တဲအိမ် (၇) လုံးမီးကူးစက်လောင်ကျွမ်းခဲ့သည်။
မီးဘေးဒုက္ခရောက်ခဲ့သည့် အိမ်ထောင်စု (၇) စုမှ စုစုပေါင်း (၄၁) ဦးအား စိန်ပန်းရပ်ရှိ အ.မ.က ကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပေးထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ နေ့တွင်ပင် ကလောမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ မြက်ရဲအင်း အနောက်ဖက်တော တွင် ကိုင်းတောများ မီးလောင်ကျွမ်းရာမှ တဆင့် ဓနိမိုး ထရံကာ ၀ါးခင်းကြက်ခြံသို့ ကူးစက်လောင်ကျွမ်းပြီး ကြက်အကောင်ရေ (၂၀၀) မီးထဲ ပါသွားကြောင်း ကြက်ခြံပိုင်ရှင်ဖြစ်သူ ဦးကျော်ဦးကပြောသည်။
- ကျူးကျော်တဲများ တောင်စောင်းတွင် ဆောက်လုပ်နေထိုင်ကြရာ ထိုသို့ နေထိုင်သူတို့၏ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း၊
- တောမီး အန္တရာယ်အပြင်၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ များဖြစ်ပေါ်လာပါကလည်း အသက်အန္တရာယ်ကို ထိခိုက် စိုးရိမ်ရကြောင်း ၊
- ယခု မီးလောင်ကျွမ်းမှုဖြစ်သည့်နေရာသည် မတ်စောက်သည့် တောင်စောင်းနေရာဖြစ်နေသည့်အတွက် မီးသတ်ယာဉ်ဝင်ရောက်ဖို့မဖြစ်နိုင်ကြောင်း၊
- ရေသယ်ယာဉ် အသေးပင်လျှင် မ၀င်နိုင်ကြောင်း၊
- လမ်းကကျဉ်းသည့်အတွက် ပေ(၁၀၀) မီးသတ်ပိုက်လိပ် (၁၀)လိပ်၊ ပေ(၁၀၀၀) ခန့်် အသုံးပြုပြီး ခက်ခက်ခဲခဲ ငြိမ်းသတ်ရကြောင်း၊
- ပြည်သူတွေ အနေဖြင့် ယခုလို တောမီးလောင်ခြင်းဖြစ်ပေါ်လျင် မိမိတို့ အိမ်အားတောမီးကူးစက်မခံရအောင် မီးခြားလမ်းများ ပြုလုပ်ထားရမည်ဖြစ်ကြောင်း
- နေအိမ် နှင့် (၁၀) ပေခန့် အကွာအား ရှင်းလင်းထားရန်လိုပြီး (၁၅)ပေရှိ သစ်ပင်များအား ငုတ်တိုလေးတွေဖြစ်အောင် စိုက်ထားရမည်ဖြစ်ကြောင်း၊
- သို့မှသာလျင် တောင်စောင်းတ၀ိုက်တွင် နေထိုင်သည့် ပြည်သူများ အန္တရာယ် ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း
တောင်ကြီးခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူက ရှင်းလင်းပြောဆိုခဲ့သည်။
ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
No comments:
Post a Comment