Sunday, March 24

တခမ်းတနားဖွင့်လိုက်တဲ့ SNLD ရဲ့ လားရှိုးမြို့ရုံးခွဲ


SNLD ခေါ်  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏  လားရှိုးမြို့ရုံးခွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်က စည်စည်ကားကား ကျင်းပခဲ့ကြသည်။



ရုံးတည်ရှိရာ နမ္မတူလမ်းခွဲ၊ တောရကျောင်းလမ်းတွင် ပြုလုပ်သည့် ထိုအခမ်းအနားသို့ SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် အပါအ၀င် ပါတီ ခေါင်းဆောင် အများအပြား၊ SNLD ပါတီ၏ မိတ်ဆွေများ  တက်ရောက်ကြသည်။

 SSA/SSPA တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး စသည့်  အထင်ကရ ပုဂ္ဂိုလ်များ၊ ကျားဖြူပါတီ၊  ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး အဖွဲ့၊ ကိုးကန့်အမျိုးသားအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များ တက်ရောက်လာသည်ကို တွေ့မြင်ရသည်။


အခမ်းအနားတွင် တက်ရောက်လာသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် တစ်မိနစ်ငြိမ်သက် ဂုဏ်ပြုခြင်း စသည့် အစီအစဉ်များလည်း ပါဝင်သည်။

   တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့ အစည်းများ၊ SNLD မြို့နယ်ရုံးခွဲများက လားရှိုးရုံးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်

    SNLD ပါတီဆိုင်းဘုတ်ကို ခွန်ထွန်းဦး၊ ဦးအေးသာအောင် တို့က အမွှေးနံသာများ ဖြန်းကာ ဖွင့်လှစ်ပေးကြသည်။

SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး မဲဆန္ဒနယ် ဒုတိယ အများဆုံး အနိုင်ရခဲ့သော ပါတီ ဖြစ်သည်။

သို့သော်လည်း အာဏာရ ဗိုလ်ချုပ်ကြီးတို့က
အနိုင်ရသည့် SNLD ကိုယ်စားလှယ်တို့ကို အခြေခံဥပဒေရေးဆွဲသည့်အမျိုးသားညီလာခံသို့ ပို့လိုက်ခြင်း၊ နောက်ပိုင်းတွင် ခေါင်းဆောင် ခွန်ထွန်းဦးကို နှစ်ရှည်ထောင်ဒဏ် ပေးလိုက်ခြင်း စသော ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။

မကြာသေးခင်က ခွန်ထွန်းဦး ထောင်မှ ပြန်လွတ်လာရာ
SNLD ပါတီကို ပြန်လည် စုစည်း ထူထောင်ခဲ့သည်။

ယမန်နေ့က ပြုလုပ်သည့် လားရှိုးမြို့ရုံးခွဲဖွင့်လှစ်သည့် အခမ်းအနား မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

 








ခွန်ထွန်းဦး နှင့် ဦးအေးသာအောင်
SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး


SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်   ဧရာဝတီ Facebook / ဧရာဝတီ Twitter

 

No comments:

Post a Comment