Thursday, January 31

ရေမျက်နှာပြင် နိမ့်ကျလာတဲ့ အင်းလေးကန်

~

 ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်၊ ခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ဘီလူးချောင်းမှ ရေ၀င်နည်းလာသဖြင့် ကန်ရေမျက်နှာပြင် နိမ့်ကျလာသည်ဟု ဒေသခံတို့က ပြောသည်။

        အင်းလေးကန် မြောက်ဘက် ဒေသအခေါ် မြောက်အင်းဘက်ရှိ ကျေးရွာများတ၀ိုက်တွင် ဗေဒါပင်များ   ဘီလူးချောင်းအတွင်း ရောက်သွားပြီး ပိတ်ဆို့နေသည်ဟု သိရသည်။


ဗေဒါပိတ်ဆို့မှု အများဆုံး - အင်းတန်း ကျေးရွာ  တလျှောက်မှ တုန်ဟုန်း တံတားအထိ။

   တုန်ဟုန်း တံတားအောက်တွင်     ဖြတ်သန်းသွားလာနေသော စက်လှေများထံမှ အလှူခံပြီး ရရှိငွေဖြင့် ဗေဒါပင်များ    ဆယ်ယူခြင်းလုပ်ငန်း လုပ်ဆောင်သော်လည်း     ဗေဒါပင်ပိတ်ဆို့မှု များပြားသဖြင့် မလျော့ကျဘဲ ပိုမို တိုးပွားလာကြောင်း ဒေသခံတို့က ပြောသည်။

 စံကား၊  အင်းတန်း စသည့် ကျေးရွာအုပ်စုများတွင် ဗေဒါပင် ကိုယ်ထူကိုယ်ထ ဆယ်ယူခြင်းကို     ရှေးယခင်ကထက် ပိုမို ပြုလုပ်နေရကြောင်း ဒေသခံရွာသားများက    ပြောသည်။


ဒေသခံတို့ ထပ်မံ ပြောလိုသည့် အချက်များ

၁။ ဘီလူးချောင်း တလျှောက် ပြောင်း ၊ ခရမ်းချဉ် နှင့်     အခြား စိုက်ပျိုးသီးနှံပင်များ တင်ပို့မှု ခက်ခဲနေကြောင်း၊
၂။ စက်လှေများ သွားလာရ ခက်ခဲသဖြင့်  တာခေါင်း    ဘုရားသို့  နိုင်ငံခြားဧည့် ၀င်ရောက်ခြင်း မရှိတော့ကြောင်း၊
၃။             ယခုဖြစ်ပျက်နေသည့် အင်းလေးဒေသခံပြည်သူများ ၏ အခက်အခဲကို အာဏာပိုင်တို့က     ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးလိုကြောင်း ၊
၎။ နှစ်စဉ်    နိုင်ငံတကာအဖွဲ့အစည်းများက အင်းလေးကန်ထိမ်းသိမ်းရန် လှူဒါန်းသည့်    အကူအညီများကို ယခုလိုနေရာမျိုးတွင် သုံးစွဲပေးစေလိုကြောင်း။



 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~




   

Wednesday, January 30

တောင်ကြီးစည်ပင် နဲ့ ရန်ကုန်စည်ပင်ရဲ့ တူညီချက်

 ~





ရန်ကုန်မြို့စည်ပင်သာယာအဖွဲ့ နှင့် တောင်ကြီးမြို့စည်ပင်သာယာအဖွဲ့တို့ ကြိုးစားဆောင်ရွက်မှုများစွာ ရှိကြသည့်အနက်  တူညီချက်တခုကို ပြပါ ဆိုလျှင် ပလက်ဖောင်းများကို လက်ညိုးထိုးပြရမည်ဖြစ်သည်။

တောင်ကြီးမြို့၏ အဓိက လမ်းမကြီးဖြစ်သော ရေအေးကွင်းရပ်  ဗိုလ်ချုပ်အောင်ဆန်းလမ်း  ပလတ်ဖောင်း  ပျက်စီးနေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

စွန့်ပစ်ရေ စွန့်ပစ်ပစ္စည်းများ ပြည့်နေသည့် ထိုအပေါက်မှာ လူတရပ်မက နက်သည်ဟု ဆိုသည်။

   ပထမအကြိမ် ပြိုကျပျက်စီးစဉ်က ဒေသခံတို့က ကိုယ့်အားကိုယ်ကိုးပြီး အကုန်အကျခံ ပြုပြင်ခဲ့ကြောင်း၊ ယခု ထပ်မံ ပျက်စီး နေသည်မှာ  (၇) လခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။


ဆွမ်းခံကြွ သံဃာများ၊ ကျောင်းသွားကျောင်းပြန်ကလေးများ အပါအ၀င် လူအများအပြား အသုံးပြုသည့် ထိုလမ်းကို အမြန်  ပြုပြင်ပေးစေလိုကြောင်း၊ အပြစ်တင်နေခြင်းမဟုတ်ကြောင်း  ရပ်ကွက်နေပြည်သူများကပြောသည်။

မြို့ကွက်ကျယ်လွန်းသော ရန်ကုန်တွင်လည်း ပလက်ဖောင်း ပေါက်ပြဲမှု အများအပြား ဖြစ်ပေါ်နေသည်။

သော့ခတ်ကြမ်းတယ်ဆိုတဲ့ တောင်ကြီးစည်ပင်

 တောင်ကြီး မြို့မဈေးကြီးအနီးရှိ ညဈေးတန်းလမ်း (ခ) ရေထွက်ဦးလမ်းတွင်  ရပ်ထားသည့် ဆိုင်ကယ်များအနက် ကံဆိုးသည့် ဆိုင်ကယ်တချို့သည် သံကြိုးခတ်ခြင်း ခံနေရသည်။

သော့ခတ်သူတို့မှာ စည်ပင်ဝန်ထမ်းများဖြစ်ကြောင်း ဈေးသူ၊ ဈေးသား၊ ဈေးဝယ်များက ပြောသည်။



ဆိုင်ကယ် မရပ်ရန် တားမြစ်ထားသည့် နေရာတွင် ရပ်ထားသော ဆိုင်ကယ်တို့ကို ထိုသို့ သော့ခတ် ချည်နှောင်ခြင်း ဖြစ်ကြောင်း၊ ဈေးသူဈေးသားတို့ကမူ ၎င်းတို့၏ဆိုင်ရှေ့ပလက်ဖောင်းပေါ်တွင် ဆိုင်ကယ်ရပ်ခြင်းဖြင့် ထိုတားမြစ်ချက်ကို ၀ိနည်းလွတ် လိုက်နာကြကြောင်း သိရသည်။

သံကြိုးဖြုတ်ခမှာ ကျပ် ငါးထောင်ဖြစ်သည်ဟု ဆိုသည်။

ထိုနေရာတွင် ဆိုင်ကယ်မရပ်စေလိုလျှင် အသိပေးခြင်း၊ ပညာပေးခြင်း၊ နှစ်သိမ့်ပြောဆိုခြင်း၊ ဖြေလျော့သည့်နည်းများဖြင့် ဖြေရှင်းသင့်ကြောင်း အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦး ကပြောသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

Tuesday, January 29

တောင်ကြီးမြို့နဲ့ ပညာဒါန


  


ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~


တက္ကသိုလ်ဝင်တန်း စာမေးပွဲ နီးကပ်လာသည်နှင့် အမျှ  တောင်ကြီးမြို့တွင် ဆယ်တန်းဖြေသူများအတွက် အခမဲ့ည စာသင်ဝိုင်း နှင့် ညကျောင်းဖွင့်လှစ်သင်ကြားပေးနေသည်။

       ဒီဇင်ဘာ ( ၁ဝ) ရက်နေ့ကတည်းက အခမဲ့ ကူညီ သင်ကြားပေးနေကြောင်း၊ သင်တန်းက ကလေးတွေ စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်လျှင် ကျေနပ်ပြီဖြစ်ကြောင်း  စေတနာရှင်ဆရာတစ်ဦးကပြောသည်။

နေရာ - 

မြို့မရပ်၊ တူးမြောင်းလမ်း၊ အမက (၈) 

ပို့ချသူများ - 
မြန်မာစာ ဒေါ်ဒေစီ၊
အင်္ဂလိပ်စာ ဦးခင်မောင်လွင်၊
သင်္ချာ ဦးကိုကိုဦး၊
Bio ဒေါ်သူဇာ၊
ဓာတု  ဒေါ်ညီမ၊
Eco ဦးကျော်ဝင်း၊ ဒေါ်စန်းသီတာ၊
ရူပ  ဦးနှင်းထွေးအောင်    

ညစာသင်စာကျက်ဝိုင်းတွင်  ကျောင်းသူ ကျောင်းသား စုစုပေါင်း ၁၄၄ ဦး တက်ရောက်နေပြီး   ညနေ ၆း၃ဝ မှ ၁ဝး၃ဝ အထိ သင်ကြားပေးနေသည်။

  
-ပညာဒါနအစီအစဉ်ကို  ၂ဝဝ၇ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊
- ပညာလိုလားသည့် ကလေးများနှင့် ပညာရေးအတွက် ကျူရှင်ယူရန် အခက်အခဲရှိသူတို့အတွက် အဓိကရည်ရွယ်ကြောင်း
သင်ထောက်ကူ သင်တန်းဖြစ်မြောက်ရေး ကော်မတီဥက္ကဌ  ဦးစိုးလှိုင်က ပြောသည်။

 

-           မူလက ကျောင်းသား /သူ စုစုပေါင်း တရာသာ လက်ခံရန်ရည်ရွယ်ခဲ့ကြောင်း
- တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ပေါင်း (၂၂) ရပ်ကွက်မှ ကလေးများ ယုံကြည်အားကိုးပြီး လာရောက်ကြသည့် အတွက်  ၁၄၄ ဦး အထိ ရောက်သွားခြင်းဖြစ်ကြောင်း
ယင်းက ထပ်မံပြောကြားသည်။

          မိမိတို့ မရှိတော့လျှင်လည်း အခြား သူများဆက်လက်လုပ်ဆောင်သွားနိုင်ရန်၊ ရေရှည် တည်တန့်စေရန် ရည်ရွယ်ထားကြောင်း   ဦးစိုးလှိုင်က ပြောသည်။


Saturday, January 26

MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများနဲ့ ဆွေးနွေးပွဲ

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~


2MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌ နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့တို့
ဇန်န၀ါရီ ၂၂ ရက်နေ့၊နေ့လည် ၁၂း၀၀ နာရီ မိနစ်အချိန်ခန့်တွင်
တောင်ကြီးမြို့၊ရတနာသီရီ ရပ်ရှိ၊ ရလလဖ အဖွဲ့၏  တောင်ကြီးဆက်ဆံရေးရုံးတွင်တွေ့ဆုံခဲ့သည်။


         MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌ ဦးစိုင်းခွန်မိန်းက ဆွေးနွေးပြောကြားရာတွင် 

- လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး အခြေအနေ၊ တိုင်းရင်းသားအားလုံးညီညွတ်ဖို့ လိုအပ်ကြောင်း၊
- ထီးကဲ့သို့ အရိပ်အာဝါသပေးနိုင်သည့် တိုင်းရင်းသားခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့ လိုအပ်ကြောင်း၊
- အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအရေး နှင့် ပတ်သတ်ပြီး  ဖက်ဒရယ်ကို သွားမည်ဆိုလျှင် တိုင်းရင်းသားခေါင်းဆောင်တွေ ညီညွတ်ပြီး ပါဝင်နိုင်မှသာလျင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
- ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကေအိုင်အို၊ ကေအိုင်အေ နှင့် မြန်မာ အစိုးရတပ်တို့ကြားတွင်လည်း  နှစ်ဦး နှစ်ဘက် စလုံးမှ နိုင်ငံရေးဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးအတွက်အဖြေထွက်ပေါ်လာနိုင်ကြောင်း
  ဆွေးနွေး သုံးသပ်ပြောဆိုခဲ့သည်။


           

ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်က ဆွေးနွေးရာတွင်

- ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလည်းရန်အတွက် လူငယ်များ၊တိုင်းရင်းသားများ အားလုံးအဖြေရှာသင့်ကြောင်း၊
- ငြိမ်းချမ်းရေး နှင့် ပတ်သတ်ပြီး ဒေသတွင်းမှာရှိသည့် တိုင်းရင်းသားများ၊ လူမျိုးစုများ၊ စုစုစည်းစည်း ညီညီညွတ်ညွတ်နှင့် တည်ထောင်ပြီး ငြိမ်းချမ်းရေး အတွက်ဖော်ဆောင်ရန် လိုအပ်ကြောင်း
ပြန်လည်ဆွေးနွေးသည်။


         အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့က ပြန်လည်ဆွေးနွေးရာတွင်

- တိုင်းရင်းသား အရေး နှင့် ဒီမိုကရေ စီအရေးသည် တချိန်တည်း အကောင်ထည်ဖော်ဆောင်ရန်လိုအပ်ကြောင်း၊
- ပူးတွဲဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းရေးကို ထူထောင်ပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မည် ဖြစ်ကြောင်း၊
- လွှတ်တော် ပြင်ပနိုင်ငံရေးသည်လည်း အရေးကြီးကြောင်း၊
- ပြင်ပ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအားကောင်းလာနိုင်မှ  ဒီမိုကရေစီ စနစ်ကို တည်ထောင်နိုင်အောင်မြင်နိုင်မှာ ဖြစ်ကြောင်း
ဆွေးနွေးခဲ့သည်။



               MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌဦးစိုင်းခွန်မိန်းက ပြောကြားရာတွင်

- ဖက်ဒရယ် ၁၄ပြည်နယ်ကို ယူမည်ဆိုလျှင် ယူနစ် သတ်မှတ်လိုက်လျှင်လည်း အဓိက ကျနိုင်မည် မဟုတ်ကြောင်း၊
- ဗဟိုအစိုးရအာဏာလျော့ကျရေး အတွက် ယူနစ်သည် ပြဿနာမဖြစ်နိုင်ကြောင်း၊
- အခြေခံဥပဒေအတိုင်းလုပ်ဆောင်ရမည် သာဖြစ်ကြောင်း၊
- အာဏာခွဲဝေမှု တိကျလာလျှင် ပြည်နယ်လွတ်တော်တွေပါ အသက်ဝင်လှုပ်ရှားလာနိုင်ကြောင်း
သုံးသပ်ပြောဆိုခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲညနေ ၃း၃၀ မိနစ်တွင်အဆုံးသတ်ခဲ့သည် ကိုတွေ့ရသည်။

Sunday, January 13

အင်းလေးဟိုတယ်ဇုန်အရေး ပြည်နယ်ဝန်ကြီးနဲ့ အင်တာဗျူး

 ~



ရှမ်းပြည်နယ်မှာ ဖော်ဆောင်နေတဲ့  အင်းလေးဟိုတယ်ဇုန်အရေးနဲ့  ပတ်သက်ပြီး ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး၊ ။ ဟိုတယ်ဇုန် တည်ဆောက်တဲ့  စီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသတွင်းက ဆရာတော်နဲ့ သွားရောက်ညှိုနိုင်းတဲ့ အခြေအနေလေး ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော် အင်းလေးဟိုတယ်ဇုန် တည်ဆောက်မှု စီမံကိန်းမှာ ဘုန်းဘုန်းတွေရဲ့ ထင်းခြံတွေ ပါသွားတယ်ဆိုတာ ကြားသိခဲ့ရပါတယ်၊ အဲဒီတော့ ဘုန်းဘုန်းတို့ရဲ့ ထင်းခြံပါဝင်သွားမှုကို သွားရောက်ညှိုနိုင်းတာ မဟုတ်ပါဘူး၊ ဘုန်းဘုန်းတို့ရဲ့ မေတ္တာ ခံယူဖို့ သွားရောက်ခြင်းဖြစ်ပါတယ်။

မေး။    ။ ဟိုတယ်ဇုန်းက အင်းသူ ၊အင်းသားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိခဲသလဲ၊ ဘယ်လိုမျိုး ဆက်ဖြစ်လာနိုင်သလဲဗျ။

ဖြေ။             ။ ကျွန်တော် ပြည်နယ် လျှပ်စစ် ၀န်ကြီး တစ်ဦးအနေဖြင့် စဥင်္းစားကြည့်တာပေါ့လေ၊ ဖြစ်နိုင်ချေ အများအားဖြင့်တော့ အင်းလေးဒေသတစ်ခုလုံး စီးပွားရေး ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာနိုင်မယ် ၊
မိုင်းသောက်ကနေ ဟိုတယ်ဇုန် သွားတဲ့ လမ်းကြောင်းတစ်ခုလုံးမှာရှိနေတဲ့ ရွာတွေ အားလုံး လည်း မီးရရှိရေးအတွက် ငွေအကုန်အကျသက်သာပြီး ၊ မီးလင်းနိုင်မှာဖြစ်တယ်၊
ပြီးတော့ ယခုရှိနေတဲ့ ကျောက်ကြမ်းလမ်းတွေကနေ ကတ္တရာလမ်းတွေဖြစ်လာမယ်၊ လမ်းပန်းဆက်သွ.ယ်ရေးကောင်းမွန်လာရင် ဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုကောင်းမွန်နိုင်တယ်၊
  ဒေသခံ မိဘပြည်သူများဟာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာနိုင်ပြီး အင်းလေးဒေသတစ်ခုလုံး ဗဟုသုတ ကြွယ်ဝပြီး အမြင်တွေနိုင်ငံတကာ ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလည်း သိရှိနိုင်မှာဖြစ်တယ်၊
 ဒါကြောင့် မိဘပြည်သူတွေ စားဝတ်နေရေး ၊စီးပွားရေး ပွင့်လင်းလာစေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မေး။         ။ အင်းလေးဒေသကို ၀န်ကြီး ရောက်လာတဲ့  ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။

ဖြေ။              ။ရည်ရွယ်ချက်က ကျွန်တော် အနေဖြင့် အမှန်တိုင်း ပြောရရင် အင်းလေးဒေသတွင်ရှိနေတဲ့ ဒေသခံမိဘ ပြည်သူတွေ တစ်ရပ်လုံး ကို သံယောဇဉ်ရှိတာရယ်၊
အင်းလေးဒေသမှာရှိတဲ့ ဆရာတော်ကြီးများ ဟာလည်း ကျွန်တော် ကိုးကွယ်ဆည်းကပ်နေတဲ့ ဆရာတော်ကြီးများဖြစ်ကြပါတယ်၊
အင်းလေး ဟိုတယ်ဇုန် စီမံကိန်းဆောက်လုပ်ဖြင်း အားဖြင့် အင်းလေးဒေသ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြား ဧည့်သည်များအနေဖြင့်လည်း တည်းခိုဖို့ အခန်းမလုံလောက်မှု အခက်အခဲတွေ ကင်းဝေးနိုင်မှာဖြစ်ပြီး  ၊
အင်းလေးဒေသ ပြည်သူတွေ စိတ်ချမ်းသာဖို့ ရယ်၊ စီးပွားရေး အလုပ်အကိုင် အခွင့် အလမ်းတွေ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ၊ ဆက်သွယ်မှု၊ကုန်စည်စီးဆင်းမှုကောင်းမွန်လာစေရန် ဖြစ်ပေါ်လာနိုင်ပုံတွေအကြောင်း သိရှိစေရန် ရည်ရွယ်ြ့ပီး လာရောက်ရခြင်း ဖြစ်ပါတယ်။


ဟုတ် ... အခုလို အချိန်ပေးပြီး ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။

                                                                          ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
  


Saturday, January 12

ရှမ်းပြည်နယ်မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူး ပွဲတော်

~





ကရင်နှစ်သစ်ကူး ပွဲတော်ကို ဒီမနက် ၈း၃၀  တောင်ကြီးမြို့မှာ စည်စည်ကားကား ကျင်းပခဲ့တာ တွေ့ရပါတယ်။

တောင်ကြီးမြို့၊  ရေအေးကွင်းရပ်ရှိ ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်ကွင်းအတွင်း ပြုလုပ်တဲ့ ပွဲတော်မှာ
-      အခမ်းအနားကျင်းပရေးကော်မတီရဲ့ သ၀ဏ်လွှာ ဖတ်ကြားမှု၊
- ဒေါက်တာသူးမြာပိုးရဲ့ မြန်မာဘာသာနဲ့ပြောတဲ့  နှုတ်ခွန်းဆက်အမှာ စကား၊
- နော်ထူးကပေါ်ဝါးရဲ့ စကောကရင်ဘာသာ နှုတ်ခွန်းဆက် စကား၊
- ပိုးကရင်ဘာသာနဲ့ ပြောတဲ့ စ၀င်းအောင်လတ်ရဲ့ နှုတ်ခွန်းဆက် စကားတွေ အပြီးမှာတော့
- ကရင်အမျိုးသား သီချင်းကို နားဆင်ကြရပါတယ်။ 


အဲဒီနောက် ကရင် တိုင်းရင်းသူ တိုင်းရင်းသားလူငယ်မောင်မယ်များရဲ့ ကရင် ဒုံးယိမ်းအက၊  ၀ါးညှပ်အက၊ တောင်ယာ ကောက်စိုက်အကများကို ရှုစား နားဆင်ရပါတယ်။

အနယ်နယ်အရပ်ရပ် ကရင် လူမျိုးများရဲ့ ၀တ်စားဆင်ယင်ပုံများ တင်ဆက် ပြသမှု၊ ကရင်သက်ကြီး ဘိုးဘွားများအား ဂါရ၀ပြု ကန်တော့ခြင်း၊  လက်ရည်တပြင်တည်း နှစ်သစ်ကူး နံနက်စာ စားသုံးခြင်း စတဲ့ အစီအစဉ်တွေလည်း ပါပါတယ်။ 

တိုင်းရင်းသားရိုးရာ ကို ထိန်းသိမ်းရန်၊  နောင်လာနောင်သားများအား ယဉ်ကျေးမှု၊  စာပေ၊  အနုပညာ တွေ မတိမ်ကော၊  မပပျောက်စေရန်လက်ဆင့်ကမ်းလိုသည့် ရည်ရွယ်ချက်များဖြင့်  နှစ်စဉ် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပွဲကျင်းပရေး အဖွဲ့ ၀င် ကရင်တိုင်းရင်းသား ဦးစောထွန်းဆန်းက ပြောပါတယ်။

တောင်ကြီးမြို့ရှိ ကရင်တိုင်းရင်းသားများ စုစည်းပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးပွဲ ကျင်းပလာတာ ယခုနှစ်ဆိုလျှင် (၇၅)နှစ် စိန်ရတု တိုင်ခဲ့ပြီဖြစ်ကြောင်း သူက ဆက်လက် ပြောပြပါတယ်။

             ညနေပိုင်းမှာတော့ ကရင်ရိုးရာ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဂီတဖော်ဖြေပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသား ၅၀၀ ခန့်တက်ရောက် ဆင်နွဲကြတာ တွေ့ရပါတယ်။

ဓာတ်ပုံများ -    ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

































 

Thursday, January 10

ရှမ်းပြည်က ပန်းချီပြပွဲ

~


တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်း (ခ) မိန်းလမ်းပေါ်ရှိ မြစံပယ်ခန်းမတွင် ပန်းချီပြပွဲတခုကို ဖေဖော်ဝါရီ ၁၀ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သစ္စာပြတင်း ပန်းချီ ကွန်ရက်အဖွဲ့၏ ပြောပြချက်အရသိရသည်။
ပန်းချီ အောင်သူ
သစ္စာပြတင်း (၂၀၁၃)ပန်းချီ နှင့် အနုပညာပြပွဲ ဟု အမည်ပေးထားသော ဤအစီအစဉ်ကို (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အမှတ်တရ အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပန်းချီ ဇော်မင်းထူး
        သစ္စာပြတင်း၏ ပထမအကြိမ်   ပန်းချီပြပွဲကို  ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး  ထူးခြားချက်အနေဖြင့် ဗိုလ်ချုပ်ပုံတူ ပန်းချီကားများသာ ပြသခဲ့ကြောင်း၊ ရောင်းရန် မဟုတ်သည့် အဆိုပါ ပန်းချီကားများ အားလုံးကို ထိုစဉ်က တောင်ကြီးတွင်သာမက ရွှေညောင်၊ ညောင်ရွှေမြို့များ တွင်လည်း ပြပွဲတင်ခဲ့ကြကြောင်း၊ ယခု ဒုတိယ အကြိမ်မြောက် ခြေလှမ်းတွင်  ခေတ်ပြိုင်အနုပညာဖန်တီးမှုများ ထည့်သွင်း ပါဝင်ကြောင်း သစ္စာပြတင်း အနုပညာ ကွန်ရက်မှ  ပန်းချီဆရာ ဦးမြင့်ဆွေ၊ စိုင်းလင်းမြတ်၊ ကိုအောင်သူတို့က ပြောသည်။
ပန်းချီ စိုင်းလင်းမြတ်
ယခု  ပြသမည့် အနုပညာ ဖန်တီးမှု အားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွန်းနိုင်ပြီး ၊ အမျိုးသားခေါင်းဆောင်ကြီးများအားလုံးနှင့် ခေတ်ပြိုင်နိုင်ငံရေး ခေါင်းဆောင်များအားလုံးကို ဂုဏ်ပြုရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီး တိုင်းရင်းသားများအားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိရန်၊ ခေတ်ပြိုင်နိုင်ငံရေးကို ကိုယ်စားပြုပြီး တိုင်းပြုပြည်ပြု အသွင်ဆောင်နိုင်ရန်၊ အများအကျိုး ဦးတည်သည့် အမှန်တရားတရပ်ဘက်မှ ရပ်တည် တင်ပြရန်  စသည့် ရည်ရွယ်ချက်များ ပါရှိသည်ဟု သစ္စာပြတင်းအနုပညာကွန်ရက်အဖွဲ့ ကပြောသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~