Saturday, February 23

စစ်ဘေးသင့် ကချင်ဒေသအတွက် တောင်ကြီးရဲ့အလှူ



  ကချင်စစ်ဘေးသင့် ဒေသခံတို့အား  လိုအပ်သော အကူအညီပေးနိုင်ရန် ရည်ရွယ်ပြီး တောင်ကြီးမြို့တွင် လုပ်ငန်းကော်မတီတခု ဖွဲ့စည်းလိုက်သည်။
 

-     ကချင်စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသား ပြည်သူများအား အကူအညီပေးရန် များစွာ လိုအပ်နေသေးကြောင်း၊
- လူအား၊ ငွေအား သာမက စိတ်ဓာတ်ခွန်အားပါပေးရန် လိုနေသေးကြောင်း၊
- ဆေးဝါး၊ အ၀တ်အထည်မှအစ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအထိ ကချင်ဒေသသို့စေတနာရှင်မြို့သူ၊ မြို့သားများနှင့်အတူ သွားရောက်လှူဒါန်းကြရန် ရည်ရွယ်ထားကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့မှ ကိုမိုးက ရှင်းလင်းပြောဆိုသည်။

- တောင်ကြီးမြို့မှ ကိုဝင်းတင့်က အလှူငွေ ကျပ် ဆယ်သိန်း၊
- ကိုသူရစောသိန်းက ကျပ်သုံးသိန်း၊
- ဦးစိန်ရွှေ (ရလလဖ ဥက္ကဌ)က ကျပ်တစ်သိန်း၊
SNLD တောင်ကြီးမြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့်က ကျပ် ဆယ်သိန်း၊
ကားပစ္စည်းဆိုင်များစုပေါင်းအဖွဲ့က ကျပ်သုံးသိန်း၊
ဦးခွန်အေးမောင်က ကျပ်တစ်သိန်း၊
ဦးတင်ထွန်းအောင် ဆန်ကုန်သည်များ အသင်းက ကျပ်တစ်သိန်း၊
ချယ်ရီရိုးမကုမ္မဏီမှ ဦးကြည်ရှိန် က  ကျပ်သုံးသိန်း၊
ဦးယဉ်ထွေးက ကျပ်နှစ်သောင်း၊
ဦးကြည်အေး က ကျပ်ငါးသောင်း စသဖြင့် လှူဒါန်းကြကြောင်း သိရသည်။

အလှူငွေစုစုပေါင်း ကျပ် သုံးဆယ့်လေးသိန်း နှစ်သောင်း ရရှိခဲ့သည်။

     ရရှိသောငွေများအား ရာခိုင်နှုန်းပြည့်လှူဒါန်မည်ဖြစ်ကြောင်း၊ အသုံးစရိတ်အား မိမိတို့ငွေဖြင့်သာ ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့မှ မသန္တာ ကပြောသည်။

အခြားအ၀တ်အထည်များ၊ ဆေးဝါးများ လာရောက်လှူဒါန်းကြသူများလည်းရှိကြောင်း ယင်းက ထပ်မံပြောကြားသည်။
                          ဂျွန်ချစ်ငြိမ်း(တောင်ကြီး)  ~















ရှမ်းပြည်နယ်မှာလည်း ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပ


 တောင်ကြီးမြို့ရှိ ချင်းတိုင်းရင်းသားများက   (၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့က ကျင်းပကြသည်။

    တောင်ကြီးတွင် ချင်းအမျိုးသားနေ့အခမ်းအနား  ပတမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ကျင်းပခွင့်ရရှိသည့်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ ၀ိုင်းဝန်း ကူညီပေးသူများကို ကျေးဇူးတင်ကြောင်း ပွဲစီစဉ်သူတဦးဖြစ်သည့်  ဦးဟုန်းတမ်က ပြောသည်။

ချင်းနှစ်ခြင်းခရစ်ယာန် အသင်း ၊ ဟက်ကယ် အောက်မေ့ဖွယ် ခန်းမတွင် ကျင်းပသည့် အခမ်းအနားတွင် တော င်ကြီးတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဦး L ဘွေကောက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအားရှင်းလင်းပြောဆိုသည်။

    တောင်ကြီးလူငယ်အဖွဲ့က ချင်းရိုးရာအကဖြင့် တင်ဆက်ပြီး တက်ရောက်လာသူအားလုံးက ဌာနေတို့ချင်းပြည် သီချင်း သီဆိုကြသည်။

တီဒင်ဇိုကမန်နမ် အက၊ မတူပီကောက်စိုက်အက ၊ ဇာဆန်မ၀ါရီ တပင်တိုင်အက၊ ကွန်ကလိဇွန်အက၊ တီဒမ် ရီုးရာအက၊  ဆရာ ဆလိုင်း တောင်ဇလပ်အောက်က အက၊ ၀ါးညှပ်အက၊ ချင်းရိုးရာစုပေါင်း အကတို့ဖြင့် သီဆိုဖျော်ဖြေကြသည်ကိုလည်း တွေ့မြင်ရသည်။

      ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ကိုလက်ဆင့်ကမ်းထိန်းသိမ်းရန်၊ နောင်လာနောင်သားတို့သိရှိစေရန် မတိမ်ကောမကွယ်ပျောက်စေရန်  ရည်ရွယ်ပြီး ချင်းအမျိုးသားနေ့ ကျင်းပဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


























 

Saturday, February 16

"လူထုက မကြောက်တော့ဘူး"

~




SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အဖွဲ့ တောင်ကြီးမြို့ကို မကြာသေးခင်က ရောက်ရှိပြီး ဒေသခံနိုင်ငံရေးအင်အားစုများနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဂျွန်ချစ်ငြိမ်း (တောင်ကြီး)က ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်အကြောင်း နဲ့ လက်ရှိ ပြည်တွင်းရေးအခြေအနေတချို့ကို မေးမြန်းထားပါတယ်။

မေး။    ။ တောင်ကြီးကို SNLD  လာရတဲ့ ရည်ရွယ်ချက် သိလိုပါတယ်..။


ဖြေ။   ။    တောင်ကြီးမှာ ကျနော်တို့ ပါတီ ရုံးခွဲဖွင့်မယ်..၊ ပြီးတော့ Trust Building ယုံကြည်မှု တည်ဆောက်ဖို့ တွေ့ဆုံပွဲ လုပ်မယ်၊
ပြီး ... သည်ဘက်ပိုင်းပေါ့ဗျာ... (ရှမ်းပြည်) တောင်ပိုင်းကသူတွေရဲ့ အသံကို နားထောင်ဖို့ပါ။ သူတို့ ဖတ်ခဲ့တဲ့ စာတမ်းတွေ၊ ဟောပြောချက်တွေကိုလည်း ကျနော်တို့ ယူသွားမှာပါ။
လူမျိုးကြီး ၀ါဒတွေ တိုင်းရင်းသားဒေသတွေမှာ လွမ်းမိုးခဲ့တာတွေရှိတယ်၊  ကြားနေရတယ်၊ မြင်နေရတယ်၊
ဒီတော့ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ဖို့ အရင်လုပ်ရမယ်၊ ဒါကိုနိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ကျနော်တို့ကို ဖိတ်တယ်။ ရန်ကုန်မှာ ရှမ်းတိုင်းရင်းသားတွေအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ သုံးရက်တိုင် ကျနော်တို့ လုပ်ခဲ့တယ်၊
အခုလည်းပဲ ပြည်ထောင်စု ညီလာခံကြီးပဲ ခေါ်ခေါ်၊ ဒုတိယ ပင်လုံညီလာခံပဲ ခေါ်ခေါ် တစ်တိုင်းပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပါဝင်နိုင်တဲ့ ညီလာခံကြီး တစ်ရပ် ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ စီစဉ် ဆောင်ရွက်သွားပါမယ်..။ 

အခုက ရှမ်းတောင်မှာ လုပ်မယ်ဆိုတော့ ကယားပြည်နယ်ဘက်ကလည်း သူတို့လည်း ပါချင်ပါတယ်လို့ ကျနော်တို့ကို ပြောတော့ ရှမ်း ကယား ပေါင်းပြီး လုပ်လိုက်တာပါ။
 ယုံကြည်မှုတည်ဆောက်ရာမှာလည်း ကျနော်တို့မူအတိုင်းပဲ သွားပါမယ်။ မူ ဆိုတာက ဘာကိုပြောတာလဲ ဆိုတော့ဗျာ....ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကိုပြောတာပေါ့ဗျာ။

မေး။     ။ ရှမ်းပြည်နယ်နေ့အပြီး နောက်တရက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းမှုအတွက်ယုံကြည်မှု တည်ဆောက်ခြင်းပွဲကိုကော SNLD ကကျေနပ်အားရမှုရှိခဲ့ပါသလား။ အတိုင်းတာဘယ်လောက်ထိအောင်မြင်ခဲ့ပါသလဲ။

ဖြေ။     ။ရှိတာပေါ့ ကျေနပ်မှု အပြည့်ရှိတယ်၊ ဘာလို့လဲ ဆိုရင် တောင်ကြီးကလူတွေလည်း ပံ့ပိုးပေးတယ်။
 လူထုထဲ မဆင်းရပေမယ့် ရှမ်းပြည်လူထုအတွက် ကျနော်တို့ လုပ်နေတာပဲလေ၊ အောင်မြင်တယ်ပြောရမှာပေါ့။
တိုင်းရင်းသားလူမျိုး (၃၃ ) မျိုးရှိတယ်လို့ သူတို့ပြောတယ်၊ ရှာမတွေ့သေးဘူး၊ ဒီတော့ ၃၃ မျိုး ပြည့်အောင် လို့ရှာရမယ်။
 ပြီးတော့ ... အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရယ်၊ ရှမ်းပြည်ပါတီတွေ အားလုံး စုစုပေါင်း (၁၆) ဖွဲ့ခန့် ရှိမယ်၊ မတ်လ လားရှိုးမှာလုပ်မယ့်ပွဲကို အားလုံး ပါအောင်လို့ ခေါ်သွားမယ်။

မေး။         ။  အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အစိုးရတပ်တွေ  မကြာခဏ တိုက်ပွဲတွေပြန်ဖြစ်နေတယ်၊ အဲဒီဖြစ်ရပ်ကိုလည်း သုံးသပ်ပြောကြားပေးပါဦးဗျ။

ဖြေ။   ။အဲဒါက ကျနော်လည်း အမြဲတမ်းပြောနေတာပဲ၊ ဦးအောင်မင်းတို့နှင့် တွေ့တိုင်းလည်း ကျနော် တင်ပြတယ်၊ အဲဒီမှာ သူဘာပြန်ပြောသလဲဆို ဟုတ်ပါတယ်၊ စစ်တပ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်အမိန့် နဲ့ လုပ်တယ်၊ သမ္မတကြီးရဲ့လုပ်ပိုင်ခွင့် မဟုတ်ဘူးလို့ ပြန်ပြောတယ်။ အဲဒါ အခြေခံဥပဒေအရ ဖြစ်လိမ့်မယ်၊ အဓိကကတော့ အခြေခံဥပဒေရဲ့ လိုအပ်ချက်လေးတွေ ဖြစ်ပါလိမ့်မယ်။

မေး။       ။ ကချင်မှာဖြစ်နေတဲ့ စစ်ပွဲ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။    ။      ကချင်ကိစ္စကတော့ဗျာ...  သူတို့ အရင်လူတွေလုပ်ခဲ့တာကို အခုလူတွေက မကြိုက်ဘူး ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ၊ နောက်တမင်း ပြောင်းရင် ပျက်ပြန်ပြီလားပေါ့။ ဗိုလ်ချုပ်ခင်ညွန့် လုပ်ခဲ့တာ ( ၁၇) နှစ်လုံး တည်တံ့လာပြီးမှ သူတို့ အစိုးရတက်မှ   Road Map လမ်းပြမြေပုံကြောင့် ကွဲပြဲကုန်တယ်၊ အံမ၀င်တော့ဘူး။

မေး။     ။  လွှတ်တော် ပြင်ပအဖွဲ့အစည်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ၊ နည်းနည်း ပြောပြပေးပါ။

ဖြေ။     ။   အင်း .... ဒီမိုကရေစီ စနစ်မှာတာ့ အရပ်ဖက်အဖွဲ့အစည်း ရှိမှာပဲ၊ ဥပမာ .... လိုက်ပြီး သီချင်း ဆိုကြတဲ့သူတွေလည်း ဒါသူတို့ ယုံကြည်မှုနဲ့ပဲ လုပ်တာပဲ၊ သန်ရာသန်ရာ လုပ်ကြတာပဲ၊ တနေ့ .....  နိုင်ငံရေးထဲ ၀င်လာမှာပါပဲ၊ အားလုံး မဟုတ်တောင် တချို့ကတော့ ၀င်လာကြမယ်။ 
လူထုနဲ့ ထိတွေ့တာလည်း ကောင်းပါတယ်၊ လူထုက မကြောက်တော့ဘူး၊ နိုးကြားလာတယ်၊ အကြောက်တရား ဖယ်ရှားပေးတာ ကောင်းပါတယ်။


အချိန်ယူဖြေကြားပေးတဲ့ ဦးခွန်ထွန်းဦးကို ကျေးဇူး တင်ပါတယ်။

-
 

Sunday, February 10

ရှမ်းပြည်တောင်ပိုင်းရောက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း

~
 




ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


 ရှမ်းပြည်နယ်သို့ ခရီးထွက်လာသော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း  လူမှုကွန်ရက်အဖွဲ့သည်  ကြာသပတေးနေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့မှ အစပြုပြီး  တောင်ကြီးမြို့ပေါ်ရှိ ဆိုင်များ၊ လူစည်ကားသည့် နေရာများတွင် သီဆိုဖျော်ဖြေပြီး ရန်ပုံငွေ ရှာဖွေလျက်ရှိသည်။

အလှူငွေ အားလုံးကို ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ထားသည်ဟု သိရသည်။

အေးသာယာမြို့သစ်၊ အောင်ဘန်း၊ ဟဲဟိုး၊ ကလော၊ ဟိုပုံး စသည့် မြို့များတွင်လည်း သီဆို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် ပင်လုံမြို့အထိ သွားရန် ရည်ရွယ်ထားကြောင်း လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့က ပြောသည်။

၎င်းတို့၏ တေးဂီတအလှူပွဲများသည်  ဒေသ တချို့တွင် တားမြစ်ခံခဲ့ရသော်လည်း  တောင်ကြီးတွင် ယင်းကဲ့သို့ အဖြစ်မျိုး မကြုံရကြောင်း  သိရသည်။

တေးဂီတအလှူပွဲ (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)



















-

Monday, February 4

SNLD ခေါင်းဆောင်များတက်ကြမည့် တောင်ကြီးဆွေးနွေးပွဲ

~


လာမည့်သောကြာနေ့ တောင်ကြီးမြို့တွင်  ကျင်းပမည့် "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း" အမည်ရှိ  ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သော ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲအတွက် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
ဤ ဆွေးနွေးပွဲမျိုးကို   ရန်ကုန်တွင် ပထမဦးဆုံး ကျင်းပစဉ်က ရှမ်းအဖွဲ့အစည်းတွေသာ ပါဝင်ခဲ့ကြောင်း၊ ယခု ဆွေးနွေးပွဲတွင်မူ ရှမ်းပြည်နယ်ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားဟောင်းများ၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ကယန်း၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားများ ပါဝင် နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည့် တောင်ကြီး မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့မှ ကိုညီညီမိုးက ပြောသည်။

          ငြိမ်းချမ်းရေး ပျက်ပြားနေခြင်းမှာ ယုံကြည်မှု ပျက်ပြားသောကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို  SNLD နှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ကိုညီညီမိုး ကပြောသည်။

စစ်ပွဲများ ရပ်ဆိုင်းစေရန်၊ လူထု တောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း  SNLD  မြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖက ပြောသည်။

လက်နက်ကိုင်အဖွဲ့များ          ငြိမ်းချမ်းရေး ယူထားသည် ဆိုသော်လည်း  ငြိမ်းချမ်းရေးအစစ်အမှန် မရရှိသေးဘူးဟု မိမိ ထင်မြင်ယူဆကြောင်း၊
နောင် တချိန်တွင် တိုင်းရင်းသား ပြည်သူတရပ်လုံးပါဝင်မည့် ဆွေးနွေးပွဲ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူက ဖြည့်စွက် ပြောကြားသည်။

တောင်ကြီးမြို့ ဆွေးနွေးပွဲကို   ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပရန် စီစဉ်နေကြသည်။

 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~